Thanakha Thanakha

25,000 ks

Thanakha

သနပ်ခါးဟာ မြန်မာလူမျိုးတွေ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်ကျော်ကတည်းက စွဲမက်စွာ လိမ်းချယ်ခဲ့ကြတဲ့ သဘာ၀ရဲ့ ထူးခြားတဲ့လက်ဆောင်တစ်ခု ဖြစ်ပါတယ်။ အလှအပတစ်ခုတည်းအတွက်ကြောင့် မဟုတ်ဘဲ၊ သနပ်ခါးရဲ့ ဆေးဘက်ဝင်အာနိသင်များကြောင့်လည်း သနပ်ခါးကို မြန်မာလူမျိုးတို့ မြတ်နိုးမှုပိုခဲ့ရတာဖြစ်ပါတယ်။ ပိုနွေးစိုစွတ်တဲ့ ရာသီဥတုရှိတဲ့ မြန်မာနိုင်ငံမှာ သနပ်ခါးလေးလိမ်းထားရင် အသားအရေကို အေးမြစေပြီး နေလောင်ဒဏ်ကိုလည်း ကာကွယ်နိုင်တဲ့အတွက် အမျိုးသမီးတွေတင်မက အမျိုးသားများပါ သုံးစွဲလေ့ရှိပါတယ်။ ဒီလို လက်တွေ့ကျတဲ့ အကျိုးကျေးဇူးတွေအပြင် သနပ်ခါးဟာ မြန်မာမိန်းကလေးတို့ရဲ့ ယဉ်ကျေးသိမ်မွေ့တဲ့အလှကို လှစ်ပြနေပါတယ်။ ဒီလက်ရာလေးမှာတော့ သနပ်ခါးလိမ်းထားတဲ့ မိန်းမပျိုလေးတွေရဲ့ သိမ်မွေ့ကျော့ရှင်းတဲ့ လှပမှုကို ပေါ်လွင်အောင် ပန်းပွင့်တွေစီချယ်ထားတဲ့ နေရာက မြန်မာဆန်တဲ့အလှနဲ့ မိန်းမပျိုလေးတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

Burmese Stamps

သာမန်လူများအနေနဲ့ စာပို့တံဆိပ်ခေါင်းဆိုသည်မှာ ရောင်စုံပုံနှိပ်ထားတဲ့ စက္ကူစငယ်တစ်ခုလို့သာ မြင်ကြမှာဖြစ်ပါတယ်။ ဒါမှမဟုတ် ချောစာပို့ရာမှာ အခွန်အဖြစ်အသုံးပြုတဲ့ ဖြတ်ပိုင်းငယ်တစ်ခုလို့လည်း သတ်မှတ်နိုင်ပါတယ်။ ဒါပေမဲ့ စာပို့တံဆိပ်ခေါင်းတွေမှာ ကျယ်ပြန်တဲ့ နောက်ခံအဓိပ္ပာယ်တွေ ရှိနေတာကိုတော့ တံဆိပ်ခေါင်းဝါသနာရှင်များသာ ပိုမိုသိရှိကြတာဖြစ်ပါတယ်။ တကယ်တော့ စာပို့တံဆိပ်ခေါင်းဟာ နိုင်ငံတစ်နိုင်ငံကို ကိုယ်စားပြုတဲ့ အဆောင်အယောင်လို့ တင်စားနိုင်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းကြောင်း၊ ဖွံ့ဖြိုးတိုးတက်ပုံ၊ အနုပညာ၊ ယဉ်ကျေးမှုစတဲ့ အလွန်ကျယ်ပြန့်တဲ့ နောက်ခံအခြေအနေကို သက်ဆိုင်ရာခေတ်ကာလအလိုက် ထုတ်ဝေတဲ့ တံဆိပ်ခေါင်းတွေမှာ စိတ်ဝင်စားဖွယ် လေ့လာနိုင်ပါတယ်။ ဒီသရုပ်ဖော်ပုံလေးမှာတော့ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက်ထုတ်ဝေခဲ့တဲ့ တံဆိပ်ခေါင်းပေါင်းများစွာကို စိတ်ဝင်စားဖွယ် တင်ဆက်ပြသထားတာကြောင့် မြန်မာ့ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းကို မတူတဲ့ရှုထောင့်လေ့လာချင်သူများ အကြိုက်တွေ့ကြမှာ ဖြစ်ပါတယ်။

Colonial Buildings

ရန်ကုန်မြို့ထဲကို လှည့်လည်ကြည့်ရှုသူတစ်ယောက်ဟာ ကိုလိုနီခေတ်သမိုင်းဝင် အဆောက်အဦတွေကို ရှောင်လွှဲမရအောင် မြင်ရမှာဖြစ်ပါတယ်။ တကယ်တော့ ရန်ကုန်မြို့ဟာ အရှေ့တောင်အာရှမှာ ကိုလိုနီခေတ်ဗိသုကာ အများဆုံးကျန်ရှိနေတဲ့ မြို့တစ်မြို့ဖြစ်ပြီး လက်ရာအများစုဟာလည်း ကောင်းမွန်တဲ့အခြေအနေမှာ တည်ရှိနေပါသေးတယ်။ ဗြိတိသျှအင်ပါယာအတွင်းက မြို့တစ်မြို့ဖြစ်ခဲ့ပြီး စီးပွားရေးအချက်အချာမြို့တစ်မြို့လည်း ဖြစ်တဲ့အတွက် ကိုလိုနီအဆောက်ဦများစွာကို တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ ဝန်ကြီးများရုံး၊ မြို့တော်ခန်းမ၊ ဗိုလ်ချုပ်စျေး၊ Strand ဟိုတယ် စတာတွေဟာ ရန်ကုန်မြို့ရဲ့ အထင်ကရ ကိုလိုနီအဆောက်အဦကြီးများ ဖြစ်ပါတယ်။ ကိုလိုနီခေတ် အဆောက်အဦများဟာ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အတွက်သာမက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါတဲ့နေရာက တည်ရှိနေတာဖြစ်ပါတယ်။ ဒီလက်ရာလေးမှာတော့ မြန်မာပြည်ရဲ့ သမိုင်းကြောင်းကို တစ်နည်းတစ်ဖုံထင်ဟပ်နေတဲ့ ရန်ကုန်မြို့ရဲ့ ကိုလိုနီအဆောက်အဦပေါင်းများစွာကို တစ်စုတစ်စည်းတည်း မြင်တွေ့ခံစားနိုင်မှာ ဖြစ်ပါတယ်။